ဖြူးမြို့နယ်ရှိ သမိုင်းဝင်တောင်ပေါ် မြသိန်းတန်စေတီတော်မြတ်ကြီးသို့ နွေမိုးဆောင်း တက်ရောက်ဖူးမြှော်နိုင်သည့်  တောင်တက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ဖြူး ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ သမိုင်းဝင်တောင်ပေါ် မြသိန်းတန်စေတီတော်မြတ်ကြီးအား ရပ်ဝေးရပ်နီးမှ ဘုရာဖူးပြည်သူများ နွေမိုးဆောင်း တက်ရောက်ဖူးမြှော်နိုင်စေရေး အတွက် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့က ဦးဆောင်ကာ ဘုရားဖူးများနှင့်ဒေသခံပြည်သူများ၏ လှူဒါန်းမှုများဖြင့် ကျန်ရှိနေသေးသည့် တောင်တက်လမ်းအပိုင်း ကွန်ကရစ်လမ်းသစ်အား ဆက်လက်ခင်းကျင်းခဲ့ရာ ပြီးစီးသွားသောကြောင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြသိန်းတန် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ဦးသက်နိုင်ဦးက စေတီတော်မြတ်ကြီး တောင်တက်လမ်းအပိုင်းအား ကွန်ကရစ်လမ်းသစ်ခင်းကျင်းဖြစ်ခဲ့ပုံနှင့် စေတနာရှင်များအား ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ကွန်ကရစ်လမ်းသစ်အား ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့၀င်(၁)ဗိုလ်မှူးလှမျိုးသိန်းနှင့် ဂေါပကအဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင်တောင်ပေါ် မြသိန်းတန်စေတီတော်မြတ်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ဖြူးမြို့နယ်၊ ကျွဲမကူးကျေးရွာတွင်ရှိပြီး နှစ်ပေါင်း(၅၀၀)ကျော်ခန့်က တည်ထား ကိုးကွယ်ခဲ့ရာ တောင်ငူဘုရင်တပင်ရွှေထီးမင်းအပါအဝင် စတုတ္ထအကြိမ်မြောက် ဉာဏ်တော် မြှင့်တင်ကိုးကွယ်ခဲ့ရာ လက်ရှိအခြေအနေအရ ဉာဏ်တော်အမြင့် (၂၉)တောင်(၁)မိုက်ရှိကြောင်းနှင့် တောင်ခြေမှ တောင်ပေါ်အထိ တောင်ပေါ်လမ်းအပိုင်း(၃၅၄၀)ပေ ကွန်ကရစ်လမ်းအား ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူများအနေဖြင့် နွေမိုးဆောင်းတက်ရောက်ဖူးမြှော်နိုင်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

နေမျိုးလွင်