သနပ်ပင်မြို့နယ်၌   ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

သနပ်ပင်  ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  အမှတ်(၇၃)စက်မှုလယ်ယာဦးစီးဌာနမှ  ကမာဖရန်ကျေးရွာ တောင်သူ ဦးစိုးမင်း လယ်ယာမြေ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသရုပ်ပြပွဲတွင်  ကုဘိုတာ ခြောက်တန်းသွားကောက်စိုက်စက်ဖြင့်  စိုက်ပျိုးသရုပ်ပြခဲ့ပြီး  စိုက်ပျိုးရာတွင် လယ်တစ်ဧကလျှင် တစ်နာရီခန့်သာကြာမြင့်ပြီး  ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုး မည်ဆိုလျှင်  မြို့နယ်စက်မှုလယ်ယာဦးစီဌာနမှ  ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်ဌာနဆိုင်ရာများ၊  မြို့နယ်စက်မှုလယ်ယာဦးစီးမှူးဦးညွန့်လွင်နှင့် ဝန်ထမ်းများ၊  ဒေသခံတောင်သူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးခြင်းကို ဖြေလျော့နိုင်ရေး လုပ်အားကုန်ကျမှု သက်သာစေရေး ကောက်ကွက်ဝင်ဆံမှု တိကျမှန်ကန်စေရေး၊  သက်နုပျိုးစိုက်ပျိုးခြင်းကြောင့် ကောက်ပင်လန်မှုမြန်ပြီး၊ ပျိုးပင်ပွားလာစေရေး၊အချိန်တိုအတွင်း လုပ်ငန်းပြီးစီးမှု လျင်မြန်စေရေးလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိများဖြင့် ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်လာစေရေးရည်ရွယ်၍  သရုပ်ပြပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)