တနင်္သာရီ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေဗိုက်(Ngwe Bike)အစီအစဉ်အား ဆင့်ပွားသင်ကြားပေး

တနင်္သာရီ၊ စက်တင်ဘာ ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ဝေဝေလွင်၊ မြိတ်မူလတန်းကြို ဆရာမ ဒေါ်နှင်းပွင့်ဖြူနှင့်ဝန်ထမ်းများက တနင်္သာရီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးသော ထောက်ပံ့ကြေးများကို တစ်ယောက်မကျန်ခံစားခွင့်ရရှိစေရန်အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ဝေဝေလွင်က ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန်သင်တန်း တက်ရောက်နေကြသည့် ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများနှင့် ကျန်းမာရေးကြီးကြပ် (၂) များအား နိုင်ငံတော်မှထောက်ပံ့ပေးသော ရသင့်ရထိုက်သောအခွင့်အရေး ငွေဗိုက် (Ngwe Bike) ထောက်ပံ့ကြေးအစီအစဉ်များကို တစ်ယောက်မကျန်ခံစားခွင့်ရရှိစေရေးအတွက် ကျေးရွာဒေသအသီးသီးမှာတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဆရာ၊ ဆရာမများထံ မေတ္တာရပ်ခံအကူအညီတောင်းခံရန် လာရောက်ခြင်းဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။  
ယင်းနောက် မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ မြိတ်မူလတန်းကြိုဆရာမ ဒေါ်နှင်းပွင့်ဖြူမှ တယ်လီဖုန်းဖြင့် ငွေဗိုက် (Ngwe Bike) အပလီကေးရှင်းဆွဲချနည်း၊ မှန်ကန်အောင်ဖြည့်သွင်းနည်းအဆင့်ဆင့်နှင့် တယ်လီဖုန်းလိုင်း မရှိ/မမိသည့်နယ်ဝေးမှ ဒေသခံများရှိ ကိုယ်ဝန်ဆောင်မိခင်လောင်းအမည်စာရင်း/အချက်အလက်များ ဖြည့်သွင်းနည်းများအား  Projector ဖြင့် ရှင်းလင်းပြသပေး၍ ကိုယ်ဝန်ဆောင်မိလောင်းတစ်ဦးနှင့်အတူ လက်တွေ့သရုပ်ပြသပြီး ဆင့်ပွားသင်ကြားပေးရာ ဆရာ၊ ဆရာမမှ သိလိုသည်များမေးမြန်းမှုကိုလည်း ဆရာမဒေါ် နှင်းပွင့်ဖြူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် စက်တင်ဘာလ (၁၅) ရက်နေ့အထိ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းမှမွေးဖွားသည့် ကလေးမိခင်များအားလုံး ထောက်ပံ့ကြေး ခံစားခွင့်လျှောက်ထား၍ရကြောင်း ဆရာမဒေါ်နှင်းပွင့်ဖြူထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)