ဖြူး ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသောခြင်များပေါက်ပွားမှု မရှိနိုင်ရေး ကြာရှည်စွာ ရေတင်ကျန်နိုင်သည့်အရာများအား ရှင်းလင်းခြင်းနှင့် ကာကွယ်ထားရှိသွားရေးအတွက် ကျေးရွာ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများကို အောင်စည်ယွန်းကျေးရွာနှင့် ခင်တန်းကျေးရွာတို့၌ ယနေ့နံနက်(၉)နာရီ အချိန်က စတင်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီကာလ၌ ပေါက်ပွားမှုများပြီး အသက်အရွယ်မရွေး ခြင်ကိုက်ခံရပါက သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါများ ဖြစ်ပွားနိုင်၍ အသက်ဆုံးရှုံး နိုင်သည်အထိ ဖြစ်ပွားနိုင်ခြင်းကြောင့် ခြင်ပေါက်ပွားမှုမရှိရေး မိုးရေတင်ကျန်နိုင်သည့် ခြံစည်းရိုးဝါးတိုင်နှင့် သစ်ပင်အခေါင်းပေါက်များ၊ ဖော့/ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအား ရှင်းလင်းခြင်းများသည် ထိရောက်စွာ ခြင်းပေါက်ပွားမှုကို တားဆီးကာကွယ်နိုင်ကြောင်းကို အသိပညာပေး၍ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ သုံးရေအိုး စသည်များအား ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာထံမှ သိရသည်။
နေမျိုးလွင်