ကံမမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကံမ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ သစ်တောဦးစီးဌာနမှ ဒေသအတွင်း  စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂-ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက အလယ်ချောင်းကျေးရွာအုပ်စု     ပုသိမ်-မုံရွာ ကားလမ်း   မိုင်တိုင်အမှတ် ၁၄၆/၁ အနီး မဒေးကြိုးပြင် ခုတ်ကွက် အမှတ်(၁၀၂)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်  အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ  ပူးပေါင်းပါဝင်၍ ကျွန်းပျိုးပင်အပင် (၁၀၀၀)အား စိုက်ပျိုးခဲ့ကြသည်။ ထိုသို့စိုက်ပျိုးရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ရာသီဥတုပြောင်းလဲမှုကို လျော့ချစေရန်သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ စုပေါင်း စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း (ကံမ)