လှိုင်းဘွဲ ဇူလိုင် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားထားသော “အောင်မြင်မှုချမ်းသာသုခနှင့်ဓနဉစ္စာ” စာအုပ်အား စာဖတ်ဝိုင်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိအနာဂတ်အတွက် ရည်ရွယ်ချက်မြင့်မြင့်ထားခြင်း၊ ဗဟုသုတတိုးပွားဖို့အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် မောင်မင်းမင်းလွင်က စာရေးဆရာဖေမြင့် ရေးသားထားသော အောင်မြင်မှုချမ်းသာသုခနှင့်ဓနဥစ္စာစာအုပ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များက အကောင်းမြင်စိတ်ဓါတ်၊ ရည်မှန်းချက်ပန်းတိုင်များချမှတ်ခြင်း၊ စီမံကိန်းချမှတ်ခြင်း၊ မဆုတ်မနစ်သော လုံ့လ၊ မိမိကိုယ်ကိုအမြင့်ဆုံး မျှော်လင့်ထားပါ၊ ကိုယ့်အားကိုယ်ကိုးခြင်း၊ အခွင့်အလမ်းများ၊ အောင်မြင်မှုစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)