မိုးညို ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထွဋ်မြတ်စံပြကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် သာယာဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်ကျော်နိုင်က ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ရာ သဘာဝဘေးကြုံတွေ့လာပါက သတင်းပို့ခြင်း၊ သတိပေးကြေညာခြင်း၊ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုဆောင်ရွက်ပေးခြင်း၊ ရေနစ်သူအားကယ်ဆယ်၍ ရှေးသူနာပြုစုခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက် ခဲ့သည်။
အဆိုပါရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို သာယာဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများမှ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
ကိုမင်း