ကြံခင်းမြို့တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကြံခင်း ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအန္တရာယ်မှကင်းဝေးစေရန်၊ ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်ပြီးယမန်နေ့  နံနက်ပိုင်းက ရွာသစ်ရပ်ကွက်၊ မြို့မရပ်ကွက်နှင့်ရွှေတောင်စုရပ်ကွက်များများအတွင်းရှိ နေအိမ် ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးဆောင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ရပ်ကွက် များအတွင်းရှိနေအိမ်များတွင် ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးခြင်း၊ ရေအိုး၊ ရေကန်များ၊ဘုရားပန်းအိုး ၊ ရေစည် ၊ရေပုံးများတွင် ပိုးလောက်လန်းပေါက်ပွားမှု မရှိစေရန် ၊ဖုံး သွန် လဲ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းများ‌ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)