ကော့သောင်း ဇူလိုင် ၃
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ကော့သောင်းခရိုင် ၂၀၂၂ခုနှစ်၊ မိုးစပါးဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းများအတွက် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မဥ္ဇူသက ပြည်သူ့ခန်းမတွင်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်မှ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံတော်က အစီအမံများ ချမှတ်လုပ်ဆောင်နေသလို မိမိတို့တိုင်းဒေကြီးအစိုးရအဖွဲအနေနှင့်လည်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးလာဖို့ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေများ ချမှတ်ဆောင်ရွက်ပေးနေပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ဒေသဝမ်းစာဖူလုံမှု(၇၀.၀၇)%သာရှိပြီး စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ဟာလည်း (၇၀.၂၉)တင်းထွက်ရှိပါကြောင်း၊ ဒေသဝမ်းစာရာနှုန်းပြည့်ဖူလုံစေဖို့ တစ်ဧက အထွက်နှုန်းတိုးတက်ရန် လိုအပ်ပါကြောင်း၊ အထွက်နှုန်းတိုးတက်နိုင်ဖို့ အထွက်ကောင်းမျိုးစိုက်ပျိုးရန်၊ မြေဆီမြေလွှာဖွံ့ဖြိုးတိုးတက်ရန်၊ ရေမြေဒေသနှင့်ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ် များကိုကျင့်သုံးပြီး စနစ်တကျပြုစုထိန်းသိမ်းကာ ရောဂါပိုးမွှား အန္တရာယ်များကိုကာကွယ် နှိမ်နင်းရန်လိုအပ်ပါကြောင်း၊တောင်သူများအနေဖြင့် ရေရရှိနိုင်မှုအပေါ်မူတည်ကာ တစ်သီးမှနှစ်သီး၊ သုံးသီး စိုက်ဧရိယာများရရှိဖော်ဆောင်ကျိုးပမ်းစိုက်ပျိုးမှသာ ဒေသစီးပွားဖွံ့ဖြိုးကာ အလုပ်အကိုင်အခွင့်လမ်းများရရှိလာမှာဖြစ်ကြောင်း တိုက်တွန်းအမှာစကားပြောကြာသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်မှ ကော့သောင်းခရိုင်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများအတွက် မိုးစပါးသီးနှံမှသွင်းအားစုဖြစ်သော၊ ဓာတ်မြေသြဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ရခြင်းကိုရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မိုးစပါးစိုက် တောင်သူများအား ဓာတ်မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးများ အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားအား ရုတ်သိမ်းလိုက်သည်။ ထိုနောက်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးပြခန်းအတွင်း လှည့်လည်ကြည့်ရူအားပေးခဲ့ကြသည်။
ယနေ့ထောက်ပံ့ပေးအပ်သည့် သွင်းအားစုများအဖြစ် ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်များမှ တောင်သူ(၇၃)ဦး၊(၅၃၈.၂၅) ဧကအတွက်မျိုးစပါး(၄၂၀)တင်း၊ ဓာတ်မြေသြဇာ(၄၂၀)အိတ်နှင့် ပိုးသတ်ဆေး(၅၃၈)လီတာအား ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း သတင်းရသည်။
ကျော်စိုး (ကော့သောင်း)