ဘားအံ ဇူလိုင် ၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမား ပပျောက်ရေဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ်သွယ် တန်းခြင်းသင်တန်းဖွင့်ပွဲနှင့် ဂဟေဆက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲနှင့် ဆင်းပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လက်တွေ့နယ်ပယ်နှင့် အနီးစပ်ဆုံး ကိုက်ညီသည့် အခြေခံသဘောတရားများကို ကောက်နုတ်ထားသည့် သင်တန်းဖြစ်သည့်အတွက် ခဏတာ လေ့လာ၍ မရဘဲ တစ်ဘဝစာ သင်ယူလေ့လာသွားဖို့ လိုအပ်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ် ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး မိမိတတ်ကျွမ်းသွားသည့် ပညာရပ်များဖြင့် မိမိဒေသအကျိုး၊ မိမိရပ်ရွာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂဟေဆက်သင်တန်းတွင် ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်း သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် ဂဟေဆက်သင်တန်း၌ သင်တန်းသား/သူ ၂၇ ဦး သင်တန်းဆင်းခဲ့ကြပြီး အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်း၌ သင်တန်းသား ၂၀ ဦးမှ ယမန်နေ့မှ ၂၉ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ် ကြာတက်ရောက်ကြမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး၍ သင်တန်းဆင်းသင်တန်းသားများ၏ ဂဟေလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)