(၁၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဇူလိုင် ၂

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၉)ကြိမ်မြောက် ဘားအံမြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့လုံးကျွတ်ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် (၁၉)ကြိမ်မြောက်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ခွဲဝေပေးထားပြီးဖြစ်ကြောင်း၊ ယခင်နှစ်များနှင့်မတူ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၍ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များကိုလည်း အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံသွားစေလိုပြီး သက်ဆိုင်ရာ ဆပ်ကော်မတီ များအလိုက် လုပ်ငန်းတာဝန်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြို့လုံးကျွတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး ဆောင်ရွက်ရ မည့် အစီအမံများအားဆွေးနွေးတင်ပြကြပြီး ဖွဲ့စည်းထားသော ဆပ်ကော်မတီ(၇)ခုမှ အတွင်းရေးမှူးများက မိမိတို့ဆက်ကော်မတီအလိုက် လုပ်ငန်းတာဝန်များကိုဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာ သူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)