ဖြူးမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခြင်းများ ဆောင်ရွက်

ဖြူး ဇူလိုင်  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အုတ်ဖြတ် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ရင်းတိုက်စိန်ကျေးရွာ တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများကို မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တောင်သူများနှင့်တွေ့ဆုံရာတွင်  ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်က မိုးစပါးနှင့် ဆောင်းပဲများ စိုက်ပျိုးအပြီး နွေရာသီတွင်လည်း  စိုက်ကွက်များ လှပ်ထားခြင်းမပြုပဲ နွေစပါးများ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် နွေစပါးစိုက်ရာတွင် ရေရရှိရေးနည်းလမ်းများလိုအပ်ပါက ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာများက နွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေး ဆောင်ရွက်ရာတွင် ရေသွင်းရေထုတ်ကောင်းမွန်ရေး ပြုပြင်ရေးလုပ်ငန်းများကိုလည်းကောင်း၊မိုးစပါးစိုက်ပျိုးချိန်အလွန် ဆောင်းပဲသီးနှံများအား သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးနှင့်နွေစပါးစိုက်ပျိုးရာတွင်  စိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း၊စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးနိုင်သည့်အခြေအနေများကိုလည်းကောင်း၊ တောင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများ ချေးပေးနေသည့် အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးကဏ္ဍတွင် တိရိစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးနိုင်ရေးနည်းလမ်းများနှင့် အကျိုး ကျေးဇူးများ၊   တိုင်းရင်းကြက် တိုးချဲ့မွေးမြူရေးကို လည်းကောင်း ရှင်းလင်းအသိပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် နွေစပါးစိုက်ဧကတစ်သောင်းကျော်အပြင် ပိုမိုတိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် စီးပွားဖြစ်မွေးမြူသည့် တိုင်းရင်းကြက်ခြံ(၄၄)ခြံတွင်ကောင်ရေ (၉၀၀၀)ကျော်ရှိပြီး ပိုမိုတိုးချဲ့ မွေးမြူနိုင်ရေးအတွက်ပါ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)