ဘားအံ ဇူလိုင် ၂
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ် မိုးရာသီ(ဒုတိယအကြိမ်) သစ်ပင်စိုက်ပွဲ တော်ကို ယနေ့ နံနက် ၈ နာရီခန့်က နည်းပညာတက္ကသိုလ်(ဘားအံ)၌ ကျင်းပသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းသည် National Strategic Plan For the Advancement of Women (NSPAW)၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ စိုက်ပျိုးပြီးသော သစ်ပင်များကို စနစ်တကျ ပြုစုထိန်းသိမ်းပြီး ရှင်သန်အောင်မြင်သော သစ်ပင်များကို ဖျက်ဆီးမှုဘေး အန္တရာယ်အမျိုးမျိုးတို့မှ ထိန်းသိမ်းကာကွယ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်၊ အသင်းဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူ များက ခရေ၊ ကံကော်၊ ပျဉ်းမ ၊ ငုရွှေဝါ၊ ကျွန်း၊ ရေတမာ၊ အာသောက၊ စိန်ပန်း အစရှိသော ကြီးထွားရှင်သန်ရန် အကောင်းဆုံးအရွယ်ရှိသည့် သစ်ပင်ပေါင်း ၄၀၅ ပင်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင် မြို့တော်ဖြစ်စေ ရေးအတွက် ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်နှင့် အမက ၁၁၊ အမက ၅၊ အထက ၁၊ အမကအိမ်တိုင်ကုန်း၊ မူလွန် ၂ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)