ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ မိုးစပါးလျာထားဧက (၂၉၇၁)ဧကအတွက် ပျိုးထောင်ရေများစတင်ပေးဝေ

ငဖဲ  ဇူလိုင် ၂

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၂၉၇၁) ဧကအတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက် ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်းရှိ မြောင်းလက်တံအလိုက် မိုးစပါးစိုက်ပျိုးရန်လျာထားမှုအနေဖြင့် လက်ဝဲမြောင်းမကြီးရှိ ကျေးရွာအုပ်စု(၆)အုပ်စု ကွင်းပေါင်း (၁၄) ကွင်းတွင် လျာထားဧက (၁၀၀၀)၊ လက်ယာမြောင်းမကြီး တစ်လျှောက်ရှိ ကျေးရွာအုပ်စု(၇)အုပ်စု ကွင်းပေါင်း(၁၅)ကွင်းအတွက် လျာထားဧက (၁၉၇၁)ဧက စုစုပေါင်း(၂၉၇၁)ဧကနှင့် ရင်းရှည်တမံဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာ အုပ်စု(၂)အုပ်စု ကွင်းပေါင်း (၄)ကွင်းရှိ လျာထားဧက (၁၉၈)ဧက စုစုပေါင်း ကျေးရွာအုပ်စု (၁၅)အုပ်စု ကွင်းပေါင်း (၃၃)ကွင်းတွင် မိုးစပါးများပျိုးထောင်စိုက်ပျိုးနိုင်ရန် လျာထားဧက (၃၁၆၉) ဧက လျာထားကြောင်းသိရသည်။

အဆိုပါမန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ ၁၂၀၀၀၀ ဧကပေဖြစ်ပြီး ယနေ့လက်ရှိရေသိုလှောင်ပမာဏမှာ ၃၁၃၀၀၊ ရေအမှတ် ၅၉၀.၃ ရှိတာဖြစ်တဲ့အတွက် ဆည်ရေပေးဝေနိုင်တဲ့ဧရိယာမှာ မိုးစပါး ၂၉၇၁ ဧကစိုက်ပျိုးဖို့လျာထားကြောင်း၊ မန်းတမံဆည်မှ နွေစပါးများအတွက် အောင်ရေပေးဝေရင်း မိုးစပါးများပျိုးထောင်နိုင်ရန်အတွက်ပါ ထပ်ဆောင်း၍ ဆည်ရေပေး ဝေလျက်ရှိကြောင်းနှင့် ရင်းရှည်ရေလှောင်တမံဆည်မှ မိုးစပါးပျိုးထောင်ရန်အတွက်စိုက်ပျိုးရေကို မေလ ၂၆ ရက်နေ့မှ စတင်၍ ပေးဝေလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)