ပွင့်ဖြူမြို့နယ်၌ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ

ပွင့်ဖြူ ဇူလိုင် ၂

မကွေတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရယာများကို အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေ ထွက်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ Kubota ခြောက်တန်းသွား ကောက်စိုက်စက်အသုံးပြု၍ စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် မုန်းသီတာကုမ္ပဏီ (ဖူးပွင့်သမ အသင်း) ပိုင် ကွင်းအမှတ်(၉၀၉) လယ်မြေ ၁၈၀ ဧကရှိ စံပြကွက်၌ ကျင်းပခဲ့သည်။

အဆိုပါ ကောက်စက်စိုက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးမှူး ဦးအောင်မွန်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသခံတောင်သူ များ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် စပါးမျိုးကောင်းမျိုးသန့် များကို ရွေးချယ်ပြီး တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ သီးနှံများ စိုက်ပျိုးရာ၌ အချိန်ကုန် လူပင်ပန်းသက်သာပြီး စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာခြင်းနှင့် လုပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်နိုင်သော လယ်ယာသုံး စက်ကိရိယာများကို အကျိုးရှိစွာ အသုံးချလုပ်ကိုင် ကြစေလိုကြောင်း၊ ပြည်တွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ ဒေသခံတောင်သူ များ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မွန်က ဒေသခံတောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့ သက်သာစေရန်၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး မင်းဘူးခရိုင်စက်မှု လယ်ယာဦးစီးဌာနမှူး ဦးရဲမင်းထွဋ်က ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် လယ်ယာသုံးစက်ကိရိယာများ အသုံးပြု၍ လုပ်ကိုင်ခြင်းဖြင့် အချိန်ကုန်လူပင်ပန်း သက်သာခြင်း၊ ငွေကုန်ကျမှုသက်သာပြီး လုပ်ငန်းတွင်ကျယ်ခြင်းနှင့် သီးနှံများ အချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း စသည့် လယ်ယာသုံးစက်ကိရိယာများ၏ အသုံးဝင်မှုများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပွင့်ဖြူမြို့၊ အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက Kubota ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းတို့ကို လက်တွေ့သရုပ်ပြသရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဒေသခံတောင်သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ပျိုးရာသီတွင် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဲဇလီ ရေလွှဲဆည်ရေဖြင့် ၆၀၄၂၈ ဧက၊ မင်းဘူး(စကု)မြို့နယ် အိုင်းမဆည်ရေဖြင့် ၂၆၅၆ ဧက၊ စလင်းမြို့နယ် လင်းဇင်းဆည်ရေဖြင့် ၁၁၆၁ ဧက၊ လျှပ်စစ်ရေတင် စနစ်ဖြင့် ၈၈၂ ဧက၊ ရေစုပ်စက်စနစ်ဖြင့် ၂၄၉၃ ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် ၁၁၇၂ ဧက၊ စုစုပေါင်း မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)