ပဲခူး ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့ အ.ထ.က (၅)သီရိပညာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဆက်လက် ကျင်းပရာ (၁၀-၁၅)နှစ် အမျိုးသား ကာလပေါ်အဆိုပြိုင်ပွဲတွင် ကျောင်းသား (၁၀)ဦးက ရောင်ပေစူးသီချင်းဖြင့်လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသမီး ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲတွင် ကျောင်းသူ (၃)ဦးက ဂီတပရိယာယ် သီချင်းဖြင့် လည်းကောင်း၊ (၁၅-၂၀)နှစ် အမျိုးသားကာလပေါ် အဆိုပြိုင်ပွဲတွင် ကျောင်းသား (၅)ဦးက ဖူးပွင့်ဝေစီဆယ့်နှစ်လရာသီ သီချင်းဖြင့် လည်းကောင်း၊ (၁၅-၂၀)နှစ် အမျိုးသမီး ကာလပေါ်အဆို ပြိုင်ပွဲတွင် ကျောင်းသူ (၅)ဦးက လမြတ်တန်ဆောင် သီချင်းဖြင့် လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသား မဟာဂီတ (အဆို)ပြိုင်ပွဲတွင် ကျောင်းသား (၂)ဦးက အာကာတခိုသီချင်းဖြင့် လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသားပတ္တလား (အတီး)ပြိုင်ပွဲတွင် ကျောင်းသား (၂)ဦးက လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသမီး ကဗျာလွတ် အကပြိုင်ပွဲတွင် ကျောင်းသူ (၂)ဦးက သတ်မှတ်ထားသောတီးလုံးဖြင့် လည်းကောင်း၊ (၁၅-၂၀)နှစ် အမျိုးသမီး အကပြိုင်တွင် ကျောင်းသူ(၂)ဦးက သတ်မှတ်ထားသော တီးလုံးဖြင့်လည်းကောင်း အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ပြန်/ဆက်)