ဘုတလင် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်မှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၈၁၆)ဦး အတွက် လူမှုရေး ပင်စင် ထောက်ပံ့ငွေ (၂၄၄) သိန်း၊ (၈) သောင်းကို ကျေးရွာအုပ်စုအလိုက် ပေးအပ်ခဲ့ကြသည်။
ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဇူလိုင်၊ ဩဂုတ် နှင့် စက်တင်ဘာ (၃) လအတွက် လူမှုရေးပင်စင် ကျပ်သုံးသောင်းစီကို ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများနှင့် ကျေးရွာခွဲခေါင်းဆောင်များက ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)