ပုသိမ် ဇူလိုင် ၂
ခရိုင်အဆင့်တိုးမြှင့်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်မြို့နယ်နှင့် မြန်အောင်မြို့နယ်တို့၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်ရုံး ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်က ရုံးဆိုင်းဘုတ်အားဆက်လက်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ဆက်လက် ဖွင့်လှစ်ပေးခဲ့သည်။ ရုံးဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်စေရေး၊ ရုံးသုံးပစ္စည်းများ၊ ပရိဘောဂပစ္စည်များ စည်းကမ်းတကျ ကိုင်တွယ်အသုံးပြုစေရေး လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက် ပျိုးသည့်တောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအနေဖြင့် စားသုံးဆီဖူလုံစေရေးဆောင် ရွက်လျက်ရှိရာ မိုးရာသီနေကြာ မျိုးစေ့ထုတ်ဧက ၃၀၀၀အား ယမန်နေ့မှ စတင် စိုက်ပျိုးခဲ့ပြီး ၂၅ ရက်နေ့တွင် ထွန်တုံးပိတ် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးခြင်းလုပ်ငန်းများ အောင်မြင်စေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တောင်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးနေကြာများတွင် ပေါင်းရှင်းခြင်း၊ ပင်ပွားဖယ်ခြင်း၊ ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျလုပ်ကိုင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မိုးနေကြာဖြစ်ထွန်းအောင်မြင်စေရေး တောင်သူများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးက မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးဆောက်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်အောင်မြို့နယ်ရှိ မိုးရာသီနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအတွက် ဓာတ်မြေသြဇာ အိတ် ၁၃၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်၊ ကဇွန်းခုံကျေးရွာ၊ မိုးရာသီနေကြာ မျိုးစေ့ထုတ် စံပြ(၅)ဧက စိုက်ခင်းရှိ တောင်သူဦးစိန်ကြည်ပါ (၂)ဦး၏ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဘုရားငုတ္တိုကျေးရွာ၊ တောင်သူဦးအောင်မြင့်စိန်၏ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)