မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်

ရေနံချောင်း ဇူလိုင် ၂

ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပပေါင်းစုံး Fitness Dance ပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရေနံချောင်းတက္ကသိုလ်အားကစားရုံ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ဝိဇ္ဇာညွှန့်ပေါင်းအသင်းနှင့် ရူပဗေဒအသင်းတို့ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေး ကြသည်။

ထို့နောက် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ ရေနံချောင်းတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ အားကစားပြိုင်ပွဲများမှတဆင့် တိုင်းဒေသကြီးကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ပြီး ပညာရည်မြင့်မားတဲ့ လူကောင်းလူတော်တွေဖြစ်လာအောင် အားကစားကဏ္ဍကို အလေးပေး ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ ရေးကို ရည်ရွယ်ပြီး မောင်တို့ မယ်တို့ကို လေ့ကျင့်ပျိုးထောင်ပေးနေခြင်းဖြစ်ကြောင်း၊ မောင်တို့မယ်တို့ဟာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်၊ ရွှင်လန်းတက်ကြွနေတဲ့ စိတ်ဓာတ်နဲ့အတူ အားကစားနည်း အလိုက် သတ်မှတ် ထားတဲ့ စည်းကမ်းဥပဒေတွေနဲ့အညီ ပါဝင်ယှဉ်ပြိုင်ခြင်း၊ စည်းကမ်းရှိခြင်း၊ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားခြင်း၊ တစ်ဦးကို တစ်ဦးချစ်ခင်ခြင်း၊ တန်ဖိုးထားခြင်း၊ နားလည်ပေး နိုင်ခြင်း၊ စုပေါင်း လှုပ်ရှားတတ်ခြင်း၊ ရိုင်းပင်းဖေးမကူညီခြင်း စတဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေရရှိဖို့ အားကစားပြိုင်ပွဲတွေကို ကျင်းပပေးခြင်း ဖြစ်ပါကြောင်း၊ နောင်ဆက်လက်ကျင်းပမယ့် ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲတွေမှာလည်း တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွဲသွား ကြပါလို့ တိုက်တွန်းလို ကြောင်း‌ ပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရူပဗေဒ အသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် သင်္ချာအသင်း၊ Fitness Dance ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဝိဇ္ဇာညွှန့်ပေါင်းအသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က တံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းများအား ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် ဒုတိယပါမောက္ခချုပ် တို့ကလည်းကောင်း၊ တစ်ဦးချင်း အကောင်းဆုံးဆုများအား ပါမောက္ခဌာနမှူးများနှင့် စီမံဌာနမှူးများက လည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ကြသည်။

ယင်းနောက် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဆုချီးမြှင့်ငွေ ၁၀ သိန်းကျပ်နှင့် အားကစားပစ္စည်းများကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ရေနံတက္ကသိုလ်ပါမောက္ခချုပ်ထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ လှူဒါန်းသည့် ဆေးပစ္စည်းခြင်း၊ လက်သန့် ဆေးရည်ဘူးများနှင့် Mask များကို တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ကော်မတီနာယကနှင့် ဥက္ကဋ္ဌတို့က ရေနံချောင်းတက္ကသိုလ် အားကစားကော်မတီဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာ လှတင်ချိုထံ ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်