ဆောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ဆော စက်တင်ဘာလ ၈

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြို့နယ်တွင်းရှိပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားလေ့ကျင့်ခန်းများပြုလုပ်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဆောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်သည်။

ထိုသို့ ပေးအပ်ရာတွင် ဆောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်မှ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဘောလုံး(၁၀)လုံး၊ ဘော်လီဘောဘောလုံး(၁၀)လုံး၊ ဘော်လီဘောပိုက်(၃)ခု၊ ပိုက်ကျော်ခြင်း(၁၀)လုံး၊ ပိုက်ကျော်ခြင်းပိုက်(၃)ခု၊ စားပွဲတင်တင်းနစ် ဘက်တံ(၅)စုံ၊ စားပွဲတင်တင်းနစ်ခုံ(၂)ခုံနှင့် စားပွဲတင်တင်းနစ်ပိုက်(၂)ခုတို့ကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးနေမင်းပိုင်နှင့် ဝန်ထမ်းများကလက်ခံရယူခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)