ကျုံပျော် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်အဆင့် တိုးမြှင့်သည့် ကျုံပျော် ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းတို့က ကျုံပျော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်က ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် အသီးသီးပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက်ဝန်ကြီးချုပ်က ဖွင့်ပွဲတွင်ဧည့်ခံဖျော်ဖြေကြသည့် အိုးစည်ဝိုင်းနှင့် ကရင်ဒုံးယိမ်း အက အဖွဲ့များထံသို့ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး၊ ခရိုင်ရုံးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ ခရိုင်ရုံး ဖွင့်ပွဲသို့ တိုင်းဒေသကြီး နှင့် ခရိုင်အဆင့် အကြီးအကဲများ၊ ကျုံပျော်၊ ကျောင်းကုန်းနှင့် ရေကြည်မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)