ပခုက္ကူ ဇူလိုင် ၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ) ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲကို ဇွန်လ ၁ရက်မှစတင်ကျင်းပခဲ့ရာ ယနေ့တွင် စာတမ်းများအားလုံးဖတ်ကြား ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ) ဘာသာရပ်ဌာနများ၏ သုတေသန စာတမ်းဖတ်ပွဲနောက်ဆုံးနေ့အဖြစ် သိပ္ပံဘာသာရပ်ဌာနအလိုက် သုတေသနစာတမ်းများ အသီးသီးဖတ်ကြားကြရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဖတ်ကြားခဲ့သည့် သုတေသနစာတမ်းခေါင်းစဉ်အလိုက် အသီးသီး မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
သုတေသနဖတ်ကြားပွဲကို ၂၀၂၂ခုနှစ်၊ ဇွန်လ ၁ရက်နေ့မှစတင်ပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် ဝိဇ္ဇာဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းများ၊ အပတ်စဉ်သောကြာနေ့တိုင်းတွင် သိပ္ပံဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းများ အသီးသီးဖတ်ကြားခဲ့ရာ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်ဌာနများအလိုက် သုတေသနစာတမ်း (၂၈)စောင်ဖတ်ကြားပြီးစီးခဲ့ကြောင်း၊ စာတမ်းဖတ်ပွဲကို အရည်အသွေးပိုမိုမြင့်မားသည့် ဆရာ၊ ဆရာမများ ဖြစ်လာစေရန်၊ တက္ကသိုလ် ဂုဏ်အင်္ဂါကိုမြှင့်တင်ပေးမည့် သုတေသနစာတမ်းကောင်းများ ပိုမိုထွက်ပေါ်လာစေရန်၊ ဆရာ၊ ဆရာမများအနေဖြင့် အစဉ်လေ့လာသင်ယူတတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး စာတမ်းရှင်များဖတ်ကြားခဲ့သည့် စာတမ်းများမှ သုတေသနစာတမ်းကောင်းများကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပြသည်။
ဘာမီသာ(ပခုက္ကူ)