ဘားအံ ဇူလိုင် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကရင်ပြည်နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (ဘားအံ)၌ ၂၀၂၂ ပညာသင်နှစ်၊ လက်ရက်ကန်း(၆)လသင်တန်း (ဒုတိယအကြိမ်)ဖွင့်ပွဲနှင့်အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်ကအဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာရပ်များနှင့် ရက်ကန်းပညာရပ်များကို လေ့လာသင်ကြားခြင်းအားဖြင့် မိသားစုဝင်ငွေ များတိုးပွားလာနိုင်သည့်အပြင် ကောင်းမွန်ဆန်းသစ်သော အတွေးအခေါ်အယူအဆများနှင့် အောင်မြင်သောလုပ်ငန်းရှင်ကြီးများ ဖြစ်ကြစေလိုကြောင်း ပြောကြားပြီး ရက်ကန်းနှင့် သက်မွေး ပညာသင်တန်းကျောင်းအုပ်က သင်တန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာ သင်တန်းတွင် သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ချီးမြှင့်ကာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။
ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ယနေ့အခမ်းအနားတွင် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်း၌ သင်တန်းသား ၂၀ ဦး သင်တန်းဆင်းခဲ့ကြပြီး လက်ရက်ကန်း(၆)လသင်တန်းကို သင်တန်းသူ ၁၂ ဦး တက်ရောက်ကြမည်ဖြစ်သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းမှု နည်းပညာသင်တန်းဆင်းသင်တန်းသားများ၏ လက်ရာများကိုကြည့်ရှုအားပေးခဲ့ကြပြီး ရက်ကန်းနှင့်သက်မွေးပညာ သင်တန်းကျောင်းရှိ စက်ရက်ကန်းနှင့်လက်ရက်ကန်းစင်များ၊ ရက်လုပ်ထွက်ရှိလာသော ချည်ထည်ပစ္စည်းများနှင့် ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးဈေးဆိုင်ခန်းပြင်ဆင် ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)