ဘားအံ ဇူလိုင် ၁
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးဧက ၄၃၀၁၇၆ (လေးသိန်းသုံးသောင်းကျော်) စိုက်ပျိုးရန်လျာထားပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် လျာထားမိုးစပါးဧက ပြည့်မီကျော်လွန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် မိုးစပါး စိုက်တောင်သူများနှင့် KNU/KNLA(PC) ငြိမ်းချမ်းရေးအဖွဲ့အား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝ မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှတောင်သူ ၁၇၀ ဦးကျော်နှင့် KNU/KNLA(PC) ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သီးနှံများကို မြေလွတ်၊မြေလပ်မကျန်စိုက်ပျိုးလုပ်ကိုင်ကြစေလိုပြီး သီးထပ်၊ သီးညှပ်များဖြင့် နှစ်သီးစား၊သုံးသီးစား စိုက်ပျိုးလုပ်ကိုင်ကြရန်တိုက်တွန်းပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက KNU/KNLA(PC) ငြိမ်းချမ်းရေးအဖွဲ့နှင့် မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS) ၃၀၀ တင်း၊ သဘာဝမြေဩဇာ ၃၈၆ အိတ်၊ ယူရီးယား ၁၈၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တောင်သူကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)