မြိတ် ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်ခရိုင်၏ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် စာမေးပွဲအောင် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပရာဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန် အခွင့်အလမ်းများ ဖန်တီးပေး၍ မိမိတို့ရပ်ရွာဒေသ အသိုင်းအဝန်းမှာ အောင်မြင်မှုများဖြစ်စေပြီး အမျိုးသားလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူဖြစ်စေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထူးချွန်သူများနှင့်သင်ယူရန် အခက်အခဲရှိသူများကို ပညာသင်ထောက်ပံ့ကြေး၊ ပညာသင်ဆုများချီးမြှင့်ပြီး လူရည်ချွန် မောင်မယ်များကိုလည်း ရွေးချယ်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်ကြတဲ့ ကျောင်း သား၊ကျောင်းသူတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်လို့ ယခုလိုအခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းသည် အောင်ချက်ရာခိုင်နှုန်း အများဆုံးနှစ်တစ်နှစ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း တိုင်းဒေသကြီးရဲ့ အောင်ချက်ရာခိုင်နှုန်းကို ယခုနှစ်ထက် ပိုမိုတိုးတက်အောင် ပညာရေးဝန်ထမ်းအားလုံးက ကြိုးပမ်းပေးကြစေလိုကြောင်း၊ ပညာရေးကဏ္ဍရဲ့ ထူးချွန်အောင်မြင်မှုများဖြင့် တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေးကြရန် ပြောကြားသည်။
မြိတ်ခရိုင်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၆)ဘာသာဂုဏ်ထူး(၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူး (၁၀)ဦး၊ (၄)ဘာသာဂုဏ်ထူး(၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူး(၂၉)ဦး၊ (၂)ဘာသာဂုဏ်ထူး (၇၅)ဦး၊ (၁) ဘာသာ ဂုဏ်ထူး (၄၆၅)ဦး၊ စုစုပေါင်း(၅၉၄)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြ၍ ရိုးရိုး စာမေးပွဲအောင်(၇၆၂)ဦး စုစုပေါင်း(၁၃၅၆)ဦး အောင်မြင်ခဲ့ကြပြီး ဂုဏ်ပြုအခမ်းအနားတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ဂုဏ်ပြုဆုငွေများ၊ ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ဂုဏ်ပြုပွဲကို အထက(၁)မြိတ်မှ Grade (10) ကျောင်းသူကျောင်းသားများက“မြန်မာ့ကျောင်း” သီချင်းသီဆိုဂုဏ်ပြု၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် စာမေးပွဲအောင် ကျောင်းသား/သူများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး မြိတ်ခရိုင် ပညာရေးမှူး ဦးဉာဏ်ထွန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၆)ဘာသာဂုဏ်ထူးနှင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဆုရကျောင်းသူ၊ ကျောင်းသားများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မအိနှင်းဖွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အထက(၃)မြိတ်မှ Grade (10) ကျောင်းသူကျောင်းသားများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)