ခန္တီးမြို့၌ သီတဂူစက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ခန္တီး ဇူလိုင်  ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ သီတဂူစက္ခုဒါနဆေးရုံတော်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၁)ရက်၊ နံနက်(၉)နာရီအချိန်က အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိကျေးဇူးတော်ရှင် အဘိဓဇ မဟာရဌဂုရု သီတဂူဆရာတော်ဘုရားကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာသူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးပြီး သီတဂူစက္ခုဒါနဆေးရုံတော်အလှူရှင် ဒေါက်တာ သူရက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်သီတဂူစက္ခုဒါနဆေးရုံတော်အား နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ အလှူရှင် ဒေါက်တာသူရနှင့် မြို့မိ၊ မြို့ဖ ဦးလှဖေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု သီတဂူဆရာတော်ဘုရားကြီးက ကမ္ဗည်းမော်ကွန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများက သီတဂူစက္ခုဒါန ဆေးရုံတော် ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ ကျေးဇူးတော်ရှင် အဘိဓဇ မဟာရဌဂုရု သီတဂူဆရာတော်ဘုရားကြီးက လမ်းညွှန် သြဝါဒကထာ မြွက်ကြားပေးပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဝမ်းမြောက်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများက သီတဂူအဓိဌာန်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)