ဝေါမြို့တွင် ကျောင်းသား/ကျောင်းသူများအား အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ဝေါ ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဇူလိုင်လ ၁ ရက်နေ့(ယနေ့)တွင် အရှေ့ဘက်ကမ်းရပ်ကွက် အ.ထ.က ကျောင်း၌ ဒေါက်တာ စုဝေကျော် ဦးဆောင်သော ကာကွယ်ဆေး ထိုးအဖွဲ့မှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း KG  မှ Grade-5 အထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဇွန်လ (၃၀) ရက်နေ့ နံနက်  ၉ နာရီ မှ စတင်၍ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၃၀) ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း (၉) ကျောင်း စုစုပေါင်း (၁၃၉) ကျောင်းရှိ အသက်(၅)နှစ် မှ(၁၂)အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျောင်းသား/ကျောင်းသူ မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဝေါမြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/ ကျောင်းသူ (၂၂၀၀၀) ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် စုရပ်များပြုလုပ်ပြီး ဌာနဆိုင်ရာများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ နေရာချထားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)