ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်အောင် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဖွင့်ပွဲ အခမ်းအနားကို မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရုံးလမ်း မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဆိုင်းဘုတ်အား အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စက်ခလုပ်နှိပ်ဖွင့်လှစ်၍  ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးခဲ့သည်။ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးကို ၁-၇-၂၀၂၂ နေ့တွင် စတင်ဖွင့်လှစ်၍ ရုံးလုပ်ငန်းများစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိုးနေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရန် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပြီး နေကြာမျိုးစေ့ထုတ်တောင်သူများအား ယူရီးယားဓါတ်မြေသြဇာ အိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် မြန်အောင်မြို့နယ် ကန်ဇွန်းခုံကျေးရွာရှိ တောင်သူ ဦးစိန်ကြည်၏ နေကြာမျိုးစေ့ထုတ် စံပြ(၅)ဧက စိုက်ခင်းသို့ သွားရောက်၍ နေကြာပင်များ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်) မြန်အောင်