ပေါက်ခေါင်းမြို့နယ်ရှိ စံညီစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေးပြီး စာအုပ်များလှူဒါန်း

ပေါက်ခေါင်း ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊  ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ သည် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးပြီး စာအုပ်များ လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်မှ စံညီစာကြည့်တိုက် ကော်မတီများနှင့်တွေ့ဆုံ၍  စာကြည့်တိုက်များ ပုံမှန်လည်ပတ်နိုင်ရေး၊ စာကြည့်တိုက်ဥပတိရုပ်ကောင်းမွန်စေရေး၊ စာအုပ်စာစောင်အသစ်များ ရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ပြန် / ဆက်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ဒို့ကျေးရွာစိုက်ပျိုးရေး နည်းလမ်းကောင်းများ စာအုပ်၊ ဒို့ကျေးရွာမွေးမြူရေး နည်းလမ်းကောင်းများစာအုပ်နှင့် ဒို့‌ကျေးရွာစိုက်ပျိုး‌ ရေးနည်းလမ်းကောင်းများ (၂) စာအုပ်များကို ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်မှ စံညီစာကြည့်တိုက်များဖြစ်သော ကျွဲပေါင်ပင်ရွာ အလင်းရောင်စာကြည့်တိုက်၊ ကြို့ပင်ဝိုင်းကျေးရွာ ပညာအိမ်စာကြည့်တိုက်နှင့် အလယ်ရွာကျေးရွာ မြတ်ပန်းအိမ် စာကြည့်တိုက်များသို့ ပေးအပ်လှူဒါန်းရာ အဆိုပါကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)