ကျွန်းစုမြို့တွင် သားသတ်အခွင့်အရေးလိုင်စင်များအား ခွဲဝေစနစ်ဖြင့် လေလံတင်ရောင်းချ

ကျွန်းစု စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက် သားသတ်အခွင့်အရေးလိုင်စင်များအား ခွဲဝေစနစ်ဖြင့် ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး ၌ လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လေလံရောင်းချရေးအဖွဲ့ခေါင်းဆောင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ် က သားသတ်အခွင့်အရေးလိုင်စင် ရရှိသူများအနေဖြင့် မိမိ၏သားသတ်ရုံနှင့် ပတ်ဝန်းကျင်တွင်အနံ့ဆိုးများ ထွက်ရှိမှု မရှိစေရေးနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးတို့ကို ရှင်းလင်းပြောကြားပြီး စည်ပင်သာယာရေး ကော်မတီ လေလံရောင်းချရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းညွှန့်က လေလံအရစ် ကျငွေများကို နောက်ကျမှု မရှိစေဘဲ သတ်မှတ်ရက်အတွင်း ပေးသွင်းရန်နှင့် စသည် လေလံ လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်ပြောကြားသည်။

ထိုနောက် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို လေလံတင်ရောင်းချရေးအဖွဲ့မှ ကျွန်းစုမြို့နှင့် ကတ္တလူကျေးရွာ ဝက်သား သတ်လိုင်စင်(၂)ခု၊ ကျွန်းစုမြို့နှင့် ဇေးကမိ ကျေးရွာ အမဲသားသတ်လိုင်စင်(၂)ခု၊ စုစုပေါင်း သားသတ်လိုင်စင် (၄)ခုတို့ကို လေလံတင်ရောင်းချခဲ့ကြောင်းသိရသည်။

စည်သူရအောင်(ကျွန်းစု)