ပခုက္ကူ ဇူလိုင် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၁ရက် နံနက် ၁၀နာရီအချိန်က ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက နိုင်ငံပိုင်ချည်မျှင်နှင့်အထည်စက်ရုံများ၊ ပုဂ္ဂလိကပိုင်ရက်ကန်းလုပ်ငန်းများအတွက် လိုအပ်သော ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ တိုင်းရင်းသားရိုးရာအထည်များနှင့် ရက်ကန်းအတတ်ပညာများကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ မိမိတို့တတ်မြောက်သော ရက်ကန်းအတတ်ပညာရပ်များဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး ကိုယ်ပိုင်လုပ်ငန်းငယ်များ ဖန်တီးထူထောင်နိုင်စေရန်၊ ရက်ကန်းပညာများ တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအကြောင်းနှင့် သင်တန်းသူများ လိုက်နာရမည့် သင်တန်းစည်းကမ်းများနှင့် အဆောင်စည်းကမ်းများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းတွင် လက်တွေ့သင်ကြားပို့ချပေးမည့် လက်ရက်ကန်းစင်နှင့်ဆက်စပ်ပစ္စည်းများအား လိုက်လံရှင်းလင်းပြသသည်။
အဆိုပါသင်တန်းကိ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ဒုတိယအကြိမ်ဖွင့်လှစ်မည့် ခြောက်လသင်တန်းဖြစ်ပြီး သင်တန်းသူ(၁၀)ဦးတက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသူတစ်ဦးအား တစ်လလျှင် ငွေကျပ်သုံးသောင်းစီဖြင့် နိုင်ငံတော်မှ ပညာသင်ထောက်ပံ့ကြေးချီးမြှင့်မည်ဖြစ်ပြီး အဆောင်တွင် အခမဲ့နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အခြေခံစက်ချုပ်၊ လက်ရက်ကန်း၊ လက်ချည်မျှင်ဆွဲနှင့်ဂျပ်ခုတ်၊ အထည်ခွဲစိတ်လေ့လာခြင်း၊ အဖြူချွတ် ဆေးဆိုး၊ အထည်ဒီဇိုင်း၊ မော်တော်အပ်ချုပ်စက်ကိုင်တွယ် အသုံးပြုနည်းစသည့် ဘာသာရပ်များကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်းနှုန်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးဆုံးသူများအား လက်ရက်ကန်းစင်တစ်စုံ ထောက်ပံ့ပေးအပ်ခြင်း၊ ချည်မျှင်နှင့်အထည်စက်ရုံများ၊ ပုဂ္ဂလိကပိုင်စက်ရုံများတို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက ပြောပြသည်။
ဘာမီသာ(ပခုက္ကူ)