ပုသိမ် ဇူလိုင် ၁
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး ပိုက်ကျော်ခြင်း အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား နေပြည်တော်၌ ဇူလိုင်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း၊ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လက်ရွေးစင်အားကစာသမားများ ဖြစ်ခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် အမျိုးသမီးအားကစားသမားနှစ်ဦးသည် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၂)ခု ရရှိခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွင်လည်း အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိခဲ့ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ကြမည့်အားကစား မောင်/မယ်များ၊ အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုဆက်လက်ရရှိအောင် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားရန်၊ နည်းပြများအနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ပြိုင်ပွဲတွင်အနိုင်ရရှိရေး စွမ်းဆောင်ပေးကြရန် ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ ပေးအပ်ခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ လက်ထောက်နည်းပြ ၆ ဦးနှင့် ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးပါဝင်မည် ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)