ပွင့်ဖြူ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဈေးမီးဘေးလုံခြုံရေးအတွက် အသင့်ထားရှိသော အပေါ့စားမီးငြိမ်းသတ်စက် ကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးသတ်ရေလှောင်ကန်များ ရေဖြည့်တင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွင့်ဖြူ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဈေးတွင်း ၊ ဈေးပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ဈေးသည်များနှင့် ဈေးဝယ်လာပြည်သူများကို ဈေးမီးဘေး လုံခြုံရေးအတွက် အလေးထားဆောင်ရွက်ရန် အသိပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဈေးမီးဘေးလုံခြုံရေး အတွက် အသင့်ထားရှိသော အပေါ့စား မီးငြိမ်းသတ်စက် ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးအတွင်း မြေအောက် မီးသတ်ရေလှောင်ကန်များတွင် ရေဖြည့်တင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ လာရောက်အပန်းဖြေ အနားယူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသော ပွင့်မာလာပန်းဥယျာဉ်ခြံအတွင်း ပန်းအလှပင်များ အနားလုံးပုံသွင်းခြင်း၊ ရေဝပ်ဧရိယာများ ပြုပြင်ခြင်း၊ ပန်းအလှပင်များနှင့် မြက်ခင်းများ ရေဖျန်းခြင်း၊ ပန်းခြံအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများကို စနစ်တကျ စုပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် နေ့စဉ်မပျက် အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်များအတွင်း အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းနှင့် မြို့တွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များနှင့် နုန်းမြေများ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)