အုတ်ဖိုမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အုတ်ဖို ဇူလိုင် ၁

သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူးထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်ညွန့်ကျေးရွာအုပ်စု၊ တောင်ညိုလေးဘုန်းတော်ကြီးကျောင်း၊ လျောင်းတော်မူဘုရားအနီးရှိ စိုက်ကွင်းတွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းသန်းက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထံ  ကျွန်း၊ ပိတောက်၊ တမလန်း၊ ရေမနေ၊ မဟော်ဂနီ၊ သင်္ကန်းနှင့် မန်းဂျန်ရှားစသည့် ပျိုးပင်ပေါင်း (၇၅၀) ပင်တို့ကို ပေးအပ်ပြီး မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်သူ