ပဲခူး ဇူလိုင် ၁
ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ လက်ကိုင်ရှည် လက်တွန်းထွန်စက်လူထိုင်စီး၍ တမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ နံနက်ပိုင်းက သမန်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၅၃၅/ခ) သမန်းကုန်းအနောက်ကွင်းရှိ တောင်သူ ဦးတင်မောင်ကျော်၏ လယ်မြေ (၁၀)ဧကရှိ စံပြကွက်များ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဌေးအောင်က ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး ဧကများ စိုက်ပျိုးရန် လျာထားပြီး လက်ကိုင်ရှည် လက်တွန်းထွန်စက်အကြောင်းနှင့် ကောက်စိုက်စက်အကြောင်းတို့ကို ရှင်းလင်း ပြောကြားပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ တမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းတို့ကို လက်တွေ့သရုပ်ပြရာ ပဲခူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးဇော်လင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဇော်မျိုးနိုင်၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းထွဋ် ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင်၊ ဘုရားကြီးမြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ တမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းကို ဆောင်ရွက်ခဲ့ကြရာ ဒေသခံတောင်သူများ လာရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ပြန်/ဆက်)