ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေဒေသထွက် စျေးကွက်ဝင် အုန်းသားစိတ်လုပ်ငန်း လုပ်ကိုင်သူ မိသားစုအဆင်ပြေ

ပုသိမ် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေတစ်လျှောက် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အပင် အများစုမှာ အုန်းပင်ဖြစ်ပြီး ရေငံပိုင်းနှင့် ရေငံစပ်ဒေသတွင် အုန်းပင်ဖြစ်ထွန်းမှု အားကောင်း၍ ရေချိုပိုင်းတွင် ရေငံပိုင်းလောက် အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်းပင်လယ်နှင့် နီးကပ်လျက်ရှိသော ချောင်းသာ၊ ငွေဆောင်မှ မော်တင်စွန်းကမ်းခြေအပြင် ရေငံပိုင်းဒေသ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဆက်စပ်နေသော ကျေးရွာများသည်လည်း အုန်းသီးအဓိက ထွက်ရှိရာ ဒေသများ ဖြစ်ကြောင်း သိရသည်။

ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာရှိ ဦးဌေးအောင် မိသားစုမှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသည့် ဒေသထွက်အုန်းသီးမှ ပြုလုပ်သော အုန်းသားစိတ်လုပ်ငန်းသို့ "ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး" အတွက် သွားရောက် တွေ့ဆုံခဲ့ပါသည်။ထိုသို့တွေ့ဆုံခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်း မှ မေးမြန်းခဲ့ရာ အုန်းသားစိတ် လုပ်ငန်းအတွက် အဓိကကုန်ပစ္စည်းမှာ အုန်းသီးဖြစ်ပြီး အုန်းသီးဝယ်ယူရာတွင် အုန်းသီးတစ်လုံး တန်ဖိုး (၂၀၀) ကျပ် အပင်တက်ခ၊ အုန်းသီးသယ်ခ၊ အုန်းခွံဆုတ်ခ၊ အုန်းသီးခွဲခနှင့် အုန်းဆံထွတ်ခ အပါအဝင် လုပ်သားခနှင့် ကုန်ကျစရိတ်မှာ အုန်းသီးတစ်လုံးကို (၃၂၀) ကျပ်ကုန်ကျ၍ အုန်းသီးမှ အဆံထုတ်ပြီးသား အုန်းသားကို အစိပ်စိတ်၍ နေပူလျှင် ၃၊ ၄ ရက် နေလှမ်းရပြီး မိုးရွာလျှင် မီးဖိုမှာ အပူပေးကြပ်တိုက်ခြင်းဖြင့် ရာသီမရွေး လုပ်ကိုင်နိုင်ကြောင်း၊ အုန်းသီးအလုံး (၈၀)ကို အုန်းသားစိတ် (၁၀)ပိဿ၁ခန့် ရရှိပြီး အုန်းသားစိတ် (၁)အိတ်ကို ပိဿာချိန် (၅၀)ရှိ၍ အုန်းသားစိတ် တစ်အိတ်အတွက် ကုန်ကျစရိတ်မှာ ကျပ် (၁၃၁၅၀၀) သယ်ယူစရိတ် တစ်အိတ် (၇၅၀၀)ကျပ် အပါအဝင် တစ်အိတ်ရောင်းချရငွေမှာ ကျပ် (၁၆၅၀၀၀) ဖြစ်သောကြောင့် တစ်အိတ်ကို အကျိုးအမြတ် ( ၂၀၀၀၀) ကျပ် ဝန်းကျင်ရရှိပြီး ရန်ကုန်ပွဲရုံသို့ တစ်လလျှင် အိတ်ရေ (၂၀)ခန့် တင်ပို့ရောင်းချလျက်ရှိကြောင်း အုန်းသားစိတ်ကို အုန်းဆီပြုလုပ်၍ စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း အုန်းသားစိတ်လုပ်ငန်းရှင် ဦးဌေးအောင်က ပြောပါသည်။ ၄င်းအပြင် ဘေးထွက်ပစ္စည်းဖြစ်သော အုန်းခွံကို အကြောတက်သူ၊ ညောင်းညာသောသူများ  အုန်းသီးမာလာခွံကို နင်းပေးခြင်းဖြင့် ကျန်းမာရေးအတွက် အသုံးပြုလျက်ရှိကြောင်း၊ အုန်းအမာခံ ဘေးထွက်ပစ္စည်းကို လူသုံးကုန်ပစ္စည်းများဖြစ်သော အမျိုးသမီးဆံညှပ်၊ ရင်ထိုးအလှအရုပ်များ ပြုလုပ်ပြီး ကျေးရွာတစ်ရွာ ထွက်ကုန်တစ်မျိုးအဖြစ် ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများတွင် ပြည်တွင်းပြည်ပ ဧည့်သည် ခရီးသွားများကို ပြုလုပ်ရောင်းချလျက်ရှိကြောင်း အုန်းမာလာခွံကို မီးဖုတ်ခြင်းဖြင့် အုန်းမီးသွေး ရရှိပြီး ရိုးရိုးမီးသွေးထက် မီးပြင်းအား ပိုမိုကောင်းမွန်သော အုန်းခွံမီးသွေးအဖြစ်လည်း အသုံးပြုလျက်ရှိကြောင်း အုန်းခွံမှ ရရှိသော အုန်းဆံဖတ်များကို တံမြက်စည်း၊ ခြေသုတ်နုနှင့် ဆိုက္ကားကူရှင်များလည်း ပြုလုပ်သုံးစွဲလျက်ရှိကြောင်း၊ အုန်းသီးတစ်လုံးတွင် စွန့်ပစ်စရာမရှိဘဲ အားလုံး အသုံးဝင်လျက်ရှိကြောင်း လုပ်ငန်းရှင် ဦးဌေးအောင်က ဆက်လက် ပြောကြားပါသည်။

စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းကလည်း အုန်းသားစိတ် လုပ်ငန်းအတွက် အုန်းသီးဝယ်ယူရာတွင် အုန်းသားစိတ် ရရှိသလို ညှစ်ပြီးသား အုန်းဖတ်များကိုလည်း မွေးမြူရေးအစာ အဖြစ် အသုံးနိုင်ကြောင်း ကျန်သည့် ဘေးထွက်ပစ္စည်းများမှာလည်း စွန့်ပစ်စရာမလိုဘဲ ပြည်တွင်း စျေးကွက်မှာ ပြန်လည်အသုံးပြုနိုင်သည့်အတွက် လုပ်ငန်းရှင်မှာ အပို၀င်ငွေရရှိမှာ ဖြစ်သလို လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး မိမိတို့ ဒေသထွက်ကုန်များ စျေးကွက်ပိုမို ကျယ်ပြန့်လာစေရန်အတွက်သာမက "ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး"အတွက် မိမိတို့ဌာနမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါကလည်း ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မြင့်ဟန်