ပွင့်ဖြူ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွက ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေများ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးစန်းသော်က မိုးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးအတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှင့် အခြားမိုးသီးနှံအတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ပေးဆပ်ရမည့် အတိုးနှုန်းထားကို တစ်နှစ် (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေထုတ်ချေးရာ၌ ယခင်နှစ်က ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စုရှိ မိုးသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများကို မိုးစပါး ၈၈ ဧကနှင့် အခြား မိုးသီးနှံ ၁၅ ဧက တို့အတွက် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၄၇ သိန်းအား တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ ယခင်နှစ်က ချေးငွေပြေကြေစွာ ပေးဆပ်ပြီးသည့် ကျေးရွာများမှ တောင်သူများကိုလည်း ရုံးဖွင့်ရက်များတွင် ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးစန်းသော်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )