ပဲခူး ဇွန် ၃၀
ပဲခူးတက္ကသိုလ်၏ ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးတက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ဗိုလ်လုပွဲစဉ်အဖြစ် သတ္တဗေဒအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြရာ ရူပဗေဒအသင်းက သတ္တဗေဒအသင်းအား(၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ပြီး ဆုပေးပွဲအားဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုတို့အား အစိုးရအဖွဲ့တာဝန်ရှိသူများကလည်းကောင်း၊ ဒုတိယဆုရရှိသွားသော သတ္တဗေဒအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇)သိန်းကျပ်အား စီးပွားရေးရာဝန်ကြီးဦးတင်ဦးကလည်းကောင်း၊ ပထမဆုရရှိသော ရူပဗေဒအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်များအတွက် ဂုဏ်ပြုလက်ဆောင်များကို ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်ကလည်းကောင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပထမဆုရရှိသော ရူပဗေဒအသင်းအား ငွေသားဆု(၁၀)သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလားတို့အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ပဲခူးတက္ကသိုလ်၏ ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား အုပ်စု(၄)စုဖြင့် အသင်း(၈)သင်းအား ပတ်လည်စနစ်ဖြင့် ဇွန်လ(၂၃)ရက်နေ့မှ ဇွန်လ(၂၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)