ပွင့်ဖြူ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထား ဧကပြည့်မီစေရေးအတွက် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံတောင်သူများ မိုးစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဇွန်လ (၁၅) ရက်နေ့က စတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်းလည်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် ၆၀၄၂၈ ဧက၊ မင်းဘူး (စကု)မြို့နယ် အိုင်းမဆည်ရေဖြင့် ၂၆၅၆ ဧက၊ လျှပ်စစ်ရေတင်စနစ်ဖြင့် ၈၈၂ ဧက၊ အခြား ဆည်/ကန်စနစ်ဖြင့် ၃၀၂ ဧက၊ ရေစုပ်စက်စနစ်ဖြင့် ၂၄၉၃ ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် ၁၁၇၂ ဧက၊ စုစုပေါင်း မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများက ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် သတ်မှတ်မိုးစပါးသီးနှံလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ကာ မျိုးစပါးကြဲပက်စနစ်ဖြင့် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းနှင့် ယနေ့အထိ ကြဲပက်စနစ်ဖြင့် ၁၂၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အချို့တောင်သူများကလည်း ပျိုးစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးပျိုးထောင်ခြင်းများကို လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ် ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်း စနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )