မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်ခိုင်ဇော်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်လင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က မဲဆွယ်စည်းရုံး ရေးကာလသည် ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုန်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့် သတ်မှတ်စည်းကမ်း ချက်များအတိုင်း အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကိုယ်စားလှယ်လောင်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ပြန်လည် ဆွေးနွေးဖြေရှင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း မဲဆန္ဒနယ် ၁၇ ခု၌ နိုင်ငံရေးပါတီပေါင်း ၁၁ ခုမှ ကိုယ်စားလှယ် စုစုပေါင်း ၉၆ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မဲရုံပေါင်း (၇၄၆) ရုံစီစဉ်ထားရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၅) သိန်းခွဲခန့် ရှိကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလကို  စက်တင်ဘာ ၈ ရက် (ယနေ့) မှစ၍ နိုဝင်ဘာလ ၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)