ဓနုဖြူမြို့နယ်၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ဓနုဖြူ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ နန်းတော်ကုန်း ကျေးရွာ၊ စက်မှုလယ်ယာစနစ်ဖြင့် လယ်ယာမြေဧရိယာအတွင်းရှိ တောင်သူ(၇)ဦး၏ လယ်မြေပေါ်တွင် အမှတ်(၃၃) စက်မှုလယ်ယာစခန်း၊ ဓနုဖြူမြို့မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြပွဲကို ယမန်နေ့  နံနက်က ကျင်းပခဲ့သည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်၊ မြို့နယ်စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စိတ်ပါဝင်စားသူ တောင်သူ(၇၀)ဦးခန့် တက်ရောက်ခဲ့သည်။

သရုပ်ပြစိုက်ပျိုးပွဲတွင် အမှတ်(၃၃) စက်မှုလယ်ယာစခန်း၊ ဓနုဖြူမြို့မှ မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းအောင်က ကူဘိုတာ အမျိုးအစား (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် ပျိုးထောင်ရလွယ်ကူခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပျိုးနှုတ်ရန်မလိုခြင်း၊ ပျိုးပင်မနာသဖြင့် ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ ကောက်ပင်များ နေ၊ ရေ၊ လေ၊ အာဟာရမျှတစွာ စားသုံးရခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများမှ သိလိုသည်များ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

သရုပ်ပြပွဲကျင်းပသည့် တောင်သူ(၇)ဦးပိုင် လယ်မြေဧက(၄၀)ပေါ်တွင် မှော်ဘီ(၃)စပါးမျိုးကို ကောက်စိုက်စက်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)