ခါမ်းပါတ် ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသအခေါ် ရွှေလံဗိုလ် ငရုတ်စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် တောင်သူဦးကျော်သန်း၏ ရွှေလံဗိုလ် ငရုတ်စိုက်ခင်းမှ ငရုတ်သီးများ တစ်ပတ်လှျင် နှစ်ကြိမ်ကျ ဆွတ်ခူးရောင်းချနေရကြောင်း သိရသည်။
ထိုသို့ ဆွတ်ခူးရောင်းချရာ အစောပိုင်းကာလများတွင် တစ်ကီလိုလျှင် ငွေကျပ် ၆၀၀၀ ရရှိပြီး လက်ရှိအချိန်တွင်မူ ၃၀၀၀ ဝန်းကျင်ခန့်သာ စျေးရရှိတော့ကြောင်း သိရသည်။
"ဒီနှစ် ဧပြီ၊ မေလတွေတုန်းကတော့ တစ်ကီလိုကို ၆၀၀၀ ကျပ်ကနေ ၆၅၀၀ ကျပ်အထိ ရောင်းရတယ်။ အခုတော့ ထစ်ဝက်အထိ စျေးကျသွားပြီးတော့ တစ်ကီလိုမှ ၃၀၀၀ကျပ် ပဲရောင်းရတော့တယ်"ဟု ငရုတ်စိုက်ပျိုးသူ ဦးကျော်သန်းကပြောပါသည်။
အဆိုပါ ငရုတ်သီးများကို အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့သို့ အဓိက တင်ပို့ရောင်းချနေရပြီး ဒေသအတွင်း တွင်လည်း လူကြိုက်များကြကြောင်း သိရသည်။
ခါမ်းပါတ်မြို့တွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် အခြားငရုတ်မျိုးများထက် ရွှေလှံဗိုလ်ငရုတ်ကို လူကြိုက်များသဖြင့် စျေးနှုန်းပိုမိုရရှိသည့် ရွှေလံဗိုလ်ငရုတ်မျိုးများကို ပိုမိုစိုက်ပျိုးလာကြပြီး စျေးကွက်ပိုမိုရရှိနိုင်သည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးတောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဝိဇ္ဇာမောင်