တောင်တွင်းကြီး ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် တောင်တွင်းကြီးမြို့နယ် ရေဝေကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများကို သတ္တမအကြိမ်မြောက် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးလှသောင်းတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်နှင်းငွေရည်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းရန်ပုံငွေ အတိုးအရင်းများကိုလည်း သတ်မှတ်ရက်အတွင်း ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအနေဖြင့် လစဉ်ဖြည့်သွင်းရမည့် ငွေစာရင်းဇယားများကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းသွားစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ရေဝေကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇၅ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၇ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသား ၁၈၂ ဦးအတွက် စီမံကိန်းရန်ပုံငွေအတိုးအရင်း စုစုပေါင်းငွေ (၄၅၈၀၀၀၀၀)ကျပ်အား အသင်းသားများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်