ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သီးနှံမျိုးစေ့ထုတ်ခြင်းနှင့် စိုက်ပျိုးရေးနည်းလမ်းများ သင်တန်း ပို့ချ

ကလေး ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် စပါး၊ နေကြာမျိုးစေ့ ထုတ်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ စိုက်ပျိုးမြေပြုပြင်သုံးစွဲခြင်းနှင့် သီးနှံများအလိုက် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင်တန်း ဖွင့်လှစ်ခြင်းအခမ်းနားကို နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦစွာ ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်က အမှာစကား ပြောကြားရာတွင် မိုးရာသီကာလအတွင်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ပြီး မိုးသီးနှံများ ထိခိုက်ပျက်စီးမှုများကြောင့် တောင်သူများကို ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိရာ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုတွင် ဓာတ်မြေဩဇာ (၈၂၀၉)အိတ်၊ မျိုးစပါးတင်းပေါင်းများစွာနှင့် ဆောင်းသီးနှံမျိုးတင်းပေါင်းများစွာ၊ ၂၀၁၆ ခုနှစ်တွင် ငွေကျပ် (၅၉၄,၄၅) သိန်း၊ ၂၀၁၇ ခုနှစ်တွင်ငွေကျပ် (၂၁၅.၂၄) သိန်းနှင့် ဓာတ်မြေဩဇာ (၄၇၈.၈၀) အိတ်၊  ၂၀၁၉ ခုနှစ်တွင် ငွေကျပ် (၁၈၇,၁၅) သိန်း၊ ၂၀၂၀ ခုနှစ်တွင် ငွေကျပ် (၄၂.၄၀) သိန်းနှင့် ၂၀၂၁ ခုနှစ်တွင် ယူရီးယား ဓာတ်မြေဩဇာအိတ် (၂၉၃.၃၂) အိတ်တို့ကို တောင်သူများထံသို့ ထောက်ပံ့ ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း တောင်သူများထံသို့ လိုအပ်သည်များကို ဆက်လက်ကူညီထောက်ပံ့ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မာန်အွေနှင့် ခရိုင်သီးနှံစိုက်ပျိုးရေးတာဝန်ခံ ဦးစီးအရာရှိဒေါ်ခင်အေးအေးတို့မှ တောင်သူများအား မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန် စပါးနှင့် နေကြာမျိုးစေ့ထုတ်လုပ်နည်းများ၊ စိုက်ပျိုးမြေပြုပြင် သုံးစွဲနည်းများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲနည်းများနှင့် ရရှိလာမည့် ကောင်းကျိုးများကို အကျယ်တဝင့် ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှဖိတ်ကြားထားသူများ၊ နှောညောင်ပင် SMU ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် တောင်သူများကို စိုက်ပျိုးရေးဗဟုသုတများ တိုးပွားစေရန်အတွက် ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် လက်တွေ့ ကွင်းဆင်းပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်ကျော် (ပြန်/ဆက်)