ပခုက္ကူ ဇွန် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ ပထမကြိမ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပသည်။
သင်တန်းဆင်းပွဲတွင်မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်ထူးက နိုင်ငံပိုင်ချည်မျှင်နှင့် အထည်စက်ရုံများ၊ ပုဂ္ဂလိကပိုင် ရက်ကန်းလုပ်ငန်းများအတွက် လိုအပ်သော ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ တိုင်းရင်းသားရိုးရာအထည်များနှင့် ရက်ကန်းအတတ်ပညာများကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ မိမိတို့တတ်မြောက်သော ရက်ကန်းအတတ်ပညာရပ်များဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး ကိုယ်ပိုင်လုပ်ငန်းငယ်များ ဖန်တီးထူထောင်နိုင်စေရန်၊ ရက်ကန်းပညာများ တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်တို့အတွက် ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးနှင့် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုတို့က သင်တန်းသူများအား ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြရာ သင်တန်းသူများကိုယ်စား မရွှန်းလဲ့နိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများအား ထောက်ပံ့ပေးအပ်မည့် လက်ရက်ကန်းစင်များနှင့် ဆက်စပ်ပစ္စည်းများ၊ ခင်းကျင်းပြထားသည့် ချည်မျှင်နှင့်အထည်များ၊ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်အထည်တို့ကို လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းမှာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပထမအကြိမ်ဖွင့်လှစ်သည့် ခြောက်လ သင်တန်းဖြစ်ပြီး သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလအတွင်း အခြေခံစက်ချုပ်၊ လက်ရက်ကန်း၊ လက်ချည်မျှင်ဆွဲနှင့် ဂျပ်ခုတ်၊ အထည်ခွဲစိတ်လေ့လာခြင်း၊ အဖြူချွတ်ဆေးဆိုး၊ အထည်ဒီဇိုင်း၊ မော်တော်အပ်ချုပ်စက် ကိုင်တွယ် အသုံးပြုနည်း စသည့် ဘာသာရပ်များကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်းနှုန်းသင်ကြားပေးခဲ့ကြောင်း၊ သင်တန်း တက်ရောက်ပြီးဆုံးသူများအား လက်ရက်ကန်းစင်တစ်စုံ ထောက်ပံ့ပေးအပ်ခြင်း၊ ချည်မျှင်နှင့်အထည်စက်ရုံများ၊ ပုဂ္ဂလိကပိုင် စက်ရုံများတို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန္တာယုက ပြောပြသည်။
ဘာမီသာ (ပခုက္ကူ)