ချောင်းဦးမြို့နယ်၌ ဝါသီးနှံ ဧက ၄၅၀၀ ကျော် စိုက်ပျိုး ပြီးစီး

ချောင်းဦး ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘူတာကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ဝါစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းပြီး တောင်သူ ဦးဝင်း၏ ယာမြေ ၇ ဧကတွင် ဝါသီးနှံ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်သည် နှစ်စဉ် ဝါသီးနှံကို အဓိကထား စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်အတွက် စိုက်ပျိုးရန် ယာထားဧက ၇၇၉၅ ဧကဖြစ်ပြီး ယခုအချိန်အထိ ၄၅၅၉ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ ယခုလို တောင်သူများနှင့် ဝါသီးနှံ စုပေါင်းစိုက်ပျိုးရသည့် ရည်ရွယ်ချက်မှာ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ မျိုးကောင်းမျိုးသန့်ကို သုံးစွဲတတ်စေရေး၊ ဝါတဧကကို ပိသာ၁၀၀၀ ကျော်ထွက်ရှိစေရေး အတွက်ဖြစ်ကြောင်း တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းပြခဲ့သည်။ ဝါသီးနှံ အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မျိုးကောင်းမျိုးသန့်များဖြစ်သည့် ရွှေတောင် ၈၊ ရွှေတောင် ၁၀ မျိုးများ ဧက ၁၀၀ စိုက်ပျိုးရန် ထောက်ပံ့ခဲ့ပြီး ဒေသတွင်း၌ မျိုးကောင်း မျိုးသန့်များ ပြန့်ပွားစေရန်အတွက် မျိုးစေ့ထုတ် သင်တန်းများ ဖွင့်လှစ်ပေး၍ အကျိုးတူ တောင်သူများနှင့် စိုက်ပျိုးထားကြောင်း၊ ထွက်ရှိလာသော ဝါမျိုးစေ့များအား ဒေသတွင်းရှိ တောင်သူများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပြန့်ပွားစေရေးအတွက် ဝါသီးနှံ အထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်း၊ သဘာဝမြေဆွေးနှင့် သဘာဝပိုးသတ်ဆေး ဖော်စပ်နည်းသင်တန်း၊ စူပါဘိုကာရှီ မြေဆွေးပြုလုပ်ပြသသည့် သရုပ်ပြပွဲများ၊ ဝါမျိုးစေ့ထုတ် နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ထမ်းများက တောင်သူများထံအရောက် ကွင်းဆင်း၍ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)