ရွှေတောင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေးကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန် - ပြည် လမ်း၊ တိုးဂိတ်အနီးတွင် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနိုင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ နံပါတ်ပြားတပ်ဆင်ထားရှိမှုမရှိသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မီနီအိုးဝေများအား လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ဆိုင်ကယ် လိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင်ပါရှိရမည့်အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေးရေး ကြီးကြပ်မှုကော်မတီအနေဖြင့် မော်တော်ယာဉ်(၈၀)စီး၊ သုံးဘီးမော်တော်ယာဉ်(၁၅)စီး၊ မီနီအိုးဝေ(၇)စီး၊ မော်တော်ဆိုင်ကယ် (၁၃၆)စီးတို့အား စစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)