မယ်စဲ့မြို့နယ်၌ စံပြတောင်သူများအား အော်ဂဲနစ် မြေဩဇာများ ဖြန့်ဖြူးပေး

မယ်စဲ့ ဇွန် ၃၀

ကယားပြည်နယ်၊  မယ်စဲ့မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့် စံပြတောင်သူများအား အော်ဂဲနစ်မြေဩဇာများကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးဇော်မင်းထံမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် မိုးစပါး ၁၄၄၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက ထိုင်း ၂၁ စပါးမျိုးကို အဓိကထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ထိုင်းမွှေး၊ ပြည်တော်ရင်၊ ရွှေရင်အေး စပါးမျိုးများကို အနည်းငယ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒေသတွင်းမှာ ထိုင်း ၂၁ ဆန်ကို စားသုံးမှုများပြားသည့်အတွက် ဒီစပါးမျိုးကို အဓိကထား စိုက်ပျိုးကြောင်း၊ ယခင်နှစ်က ထိုင်း ၂၁ ဆန် ၁ ပုံးကို ဆန်သားလှရင်ငွေကျပ် ၁၈၅၀၀/- ဈေးရသည့်အတွက် စိုက်ပျိုးတောင်သူများ အဆင်ပြေကြကြောင်း” ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

မိုးစပါးစိုက်ပျိုးသည့်ရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးနည်းစနစ်နည်းပညာ၊ အထွက်နှုန်းတိုးတက်ရေးနည်းပညာ၊ မျိုးစေ့ထုတ်နည်းပညာ၊ ပိုးမွှားကာကွယ်ရေးနည်းပညာများကို ကွင်းဝန်ထမ်းများမှ စိုက်ခင်းများသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)