တောင်ငူ ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ၂၃ ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ခရိုင်အဆင့်ကျင်းပရာ ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲ၌ အဆို၊ အကပဒေသာ၊ အတီး၊ ကဗျာအလွတ်အက၊ တိုင်းရင်းသား/ ကျေးလက်ရိုးရာအက၊ မွန်တိုင်းရင်းသားရိုးရာအက၊ ဇာတ်တော်ကြီး၊ အဖွဲ့လိုက်ရုပ်စုံသဘင်၊ ရုပ်သေးကြိုးဆွဲ၊ ကွက်စိပ်စသည့် ဘာသာရပ်များအလိုက် ကျင်းပလျက်ရှိပြီး ပြိုင်ပွဲသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြသည်။
အဆိုပါ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားမှု ပိုမိုတိုးတက်ဖြစ်ထွန်းရေး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် အနုသုခုမ ဂီတပညာဖြင့် တစ်တပ်တစ်အား ပါဝင်လက်တွဲ ဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
ခရိုင် (ပြန်/ဆက်)