ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရုံးနှင့်ကျောင်းပတ်ဝန်းကျင်ရှိ ရေဝပ်နေရာများ၊ ခြုံနွယ်အမှိုက်များ ကင်းစင်ရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဉ်ဆောင်ရွက်သွားရန်၊ ရောဂါဖြစ်ပွားရာ ပတ်ဝန်းကျင်အား ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးစီးရေး စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး နည်းပညာများ ဖြန့်ဝေပေးသွားရန်၊ လယ်ယာမြေများ ရေကြီးနှစ်မြှပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိရန်၊ တောင်သူများက တင်ပြလာသော အခက်အခဲများအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် ကြွေးကျန်များမကျန်ရှိစေရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်လယ်ယာဖွံဖြိုးရေးဘဏ် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည့် အကြောင်းအရာများပါ အသိပေးပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)